ကျနော်တို့နိုင်ငံတွင် ပြောစရာ၊ထောက်ပြစရာတွေက များလှသည်။ထိုအထဲမှ ယနေ့လူငယ်ထုအား ခြိမ်းခြောက်နေသော မူးယစ်ဆေးဝါးအန္တရာယ်ကား စိုးရိမ်ဖွယ်ပင်။တိုင်းပြည်တစ်ခု၏အနာဂတ်သည် လူငယ်တို့လက်ထဲတွင်ရှိသည်မှာ အားလုံးအသိပင်။အသိပညာ၊အတတ်ပညာ မြင့်မားသောလူငယ်များကသာ တိုင်းပြည်တစ်ခု၏အနာဂတ်ကို လှပအောင်ပုံဖော်နိုင်လိမ့်မည်။ လူငယ်တိုင်းသည် မိမိ၏အရည်အသွေးမြင့်မားအေင် အမြဲမပြတ်သင်ယူနေသင့်သည်။ ယနေ့တိုးတက်သောနိုင်ငံများကိုကြည့်လျှင်လည်း လူသားအရင်းအမြစ်ဟုခေါ်သော ပညာကိုသာအဓိကထား၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြသည်။ ထိုအတူတိုးတက်သော နိုင်ငံများမှလူငယ်တို့သည်လည်း ပညာကိုမျက်ခြေမပြတ် ကြိုးစားသင်ယူနေကြသည်။ ယနေ့အိုင်တီခေတ်ကြီး၌ အသိပညာ၊အတတ်ပညာတို့ကို လွယ်လင့်တကူ ရှာဖွေဆည်းပူးနိုင်လေသည်။ ကျနော်တို့ပတ်ဝန်းကျင်၌ စနစ်ဆိုးတစ်ခုလောင်းရိပ်အောက်က လူငယ်များမှာ တိုးတက်အောင်ကြိုးစားအားထုတ်မှု နည်းနေသည်ကိုတွေ့နေရသည်။ လူငယ်များ၏အတုခိုးမှား၊အားကျမှုများကလည်း တိုးတက်မှုလမ်း၌ အဟန့်အတားဖြစ်စေသည်။ လူငယ်တိုင်းအချိန်ဖြုန်းမနေသင့်ပဲ မိမိအတွက်အကျိုးရှိစေမည့် အသိပညာ၊အတတ်ပညာတစ်ခုခုကို ဆည်းပူးလျှက်သာ အကျိုးရှိရှိအချိန်ကုန်လွန်စေသင့်သည်။ အရက်ဆိုင်၊ဘီယာဆိုင်တို့၌ အကျိုးမဲ့အချိန်မကုန်လွန်စေသင့်ပါ။ အရင်းစစ်ရလျှင် အဓိကအရက်နှင့်မူးယစ်ဆေးသုံးစွဲမှုကြောင့် သင့်မသင့်စဉ်းစားဆင်ခြင်နိုင်မှုများ လျော့နည်းကုန်ခြင်းဖြစ်သည်။ အရက်၊ဘိန်း၊ဖိုးတို့သည်ကား မူလကစမ်းသပ်သုံးစွဲရာက နောက်ဆုံးစာရိတ္တနှင့်ဘ၀ပါ ပျက်စီးကြရသည်။ ဆေးစွဲနေသောလူငယ်များ ငယ်ငယ်ရွယ်ရွယ်နှင့်အသက်သေဆုံးကြသည်ကို ကြည့်၍လည်းနောင်တရသင့်ပေသည်။ လူငယ်များလမ်းမှားမရောက်အောင် မိဘများနှင့်ပတ်ဝန်းကျင်ရှိလူများက ၀ိုင်းဝန်းထိန်းကြောင်းပေးသင့်လှသည်။ နောင်ဖြစ်လာမှ ကုသပေးခြင်းထက် မဖြစ်မှီကာကွယ်ပေးခြင်းကသာ အကောင်းဆုံးဖြစ်သည်။ထိုအတူ လူငယ်တို့၏ကိုယ်ရည်ကိုယ်သွေးမြှင့်မားနေမှသာ ကျနော်တို့နိုင်ငံ၏အနာဂတ်သည်လည်း လှပနေမည်သာဖြစ်သည်။
(လူငယ်များလမ်းမှားမရောက်စေရန်ရည်သန်လျှက်)
No comments:
Post a Comment