မှန်ကန်သော ယှဉ်ပြိုင်မှု
၁။ဘ၀မှာ လူတိုင်းလိုလိုပင် အခက်အခဲ တစ်မျိုးမဟုတ်တစ်မျိုး ကြုံကြရသည်သာ။
တစ်ချို့က အခက်အခဲတစ်ခုကြုံလာလျှင် သေချာစွာ သုံးသပ်ခြင်းမရှိပဲ ဖုတ်ပူမီးတိုက် ဖြေရှင်းတတ်ကြသည်။တစ်ချို့မှာတော့ ပြသနာကို စေ့စပ်သေချာစွာ သုံးသပ်၍ ခေါင်းအေးအေးထားကာ ဖြေရှင်းကြသည်။သွေးပူပူနှင့်အလောသုံးဆယ် ဖြေရှင်းသောသူအဖို့ မိမိအခက်အခဲကို အရင်ရှင်းလိုက်နိုင်ပြီလို့ ထင်စရာရှိပေမဲ့ နောက်ဆက်တွဲ ပြသနာများပေါ်တတ်သည်။
ပြီးပြတ်ခြင်းမရှိပဲ ကြီးထွားရှုပ်ထွေးလာနိုင်ပါသည်။
စေ့စပ်သေချာစွာ စဉ်းစားသုံးသပ်ပြီး ဖြေရှင်းသူမှသာ အခက်အခဲများကို အမှန်တစ်ကယ် ပြေလည်စေမည်ဖြစ်သည်။ထို့ကြောင့် ကျနော်တို့ လူ့ပတ်ဝန်းကျင်မှာ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများစွာကို စေ့စပ်သေချာစွာ စဉ်းစားသုံးသပ်ပြီးမှသာ ဖြေရှင်းသင့်လေသည်။
၂။တစ်ခါတစ်ရံ ဘ၀တိုးတက်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းကြသူအချင်းချင်း လုပ်ငန်းတူ၊
အကြံအစည်တူ ယှဉ်ပြိုင်ရခြင်းမျိုး ကြုံတွေ့ရတတ်သည်။ဤသို့သောအခါ၌ တစ်ချို့သောသူများမှာ မိမိ၏ပြိုင်ဘက်ကို လက်ဝှေ့ပွဲယှဉ်ပြိုင်မှုအတိုင်း သတ်မှတ်တုန့်ပြန်လေသည်။
လက်ဝှေ့ပွဲယှဉ်ပြိုင်ရာတွင် တစ်ဖက်လူကို အလဲထိုးနိုင်မှသာ မိမိကအနိုင်ရမည်ဖြစ်သည်။
ထိုနည်းအတိုင်း မိမိပြိုင်ဘက်၏ အမှားများကို နည်းလမ်းမျိုးစုံသုံး၍ နာမည်ပျက်အောင်နှင့် ကျရှူံးအောင် လုပ်ဆောင်ရလေသည်။
သို့သော် တစ်ချို့သူများမှာကား ဂေါက်သီးရိုက်ကစားနည်းမျိုးဖြင့်သာ ယှဉ်ပြိုင်လေသည်။ဂေါက်သီးရိုက်ယှဉ်ပြိုင်မှုဆိုသည်မှာ မိမိပြိုင်ဘက်နှင့်မိမိသည် မည်သူအဝေးဆုံးထိ ရိုက်နိုင်မည်ကိုသာကြည့်ရမည်။အဝေးဆုံးထိ ရိုက်နိုင်အောင်လည်း မိမိ၌ရှိသော ကာယ၊ဥာဏတို့ အစွမ်းကုန်ထုတ်၍ အသုံးပြုရပေမည်။
မိမိအစွမ်းအစဖြင့်သာ တစ်ဖက်လူထက်သာအောင် ကြိုးစားအားထုတ်ရမည်။သို့ရာတွင် လူအများစုမှာ မိမိနှင့် စီးပွားပြိုင်ဘက်၊လုပ်ငန်းပြိုင်ဘက်၊
နှလုံးသားရေးပြိုင်ဘက်၊ပညာရေးပြိုင်ဘက်၊
နိုင်ငံရေးပြိုင်ဘက် အစရှိသည့် ပြိုင်ဘက်များနှင့် တွေ့ကြုံယှဉ်ပြိုင်ရပါက လက်ဝှေ့အလဲထိုးခြင်းနည်းကိုသာ အသုံးပြုကြသည်ကများလေသည်။
ဂေါက်သီးရိုက်ယှဉ်ပြိုင်မှုမျိုးကိုကား မေ့လျော့နေကြသည်။ထို့ကြောင့်ဘ၀၌ မည်သည့်ယှဉ်ပြိုင်ခြင်းမျိုးမဆို တွေ့ကြုံရပါက ဂေါက်သီးရိုက်ယှဉ်ပြိုင်နည်းဖြစ်သော တရားသောယှဉ်ပြိုင်နည်းဖြင့်သာ အနိုင်ယူကြပါကုန်။
*အချုပ်ဆိုရသော် မိမိဖယာင်းတိုင်လင်းဖို့အတွက် သူတစ်ပါးဖယောင်းတိုင်ကို မငြိမ်းမိပါစေနှင့်ဟုသာ တိုက်တွန်းလိုက်ပါရစေ*

No comments:
Post a Comment